World children day အတွက် လှုပ်ရှားမှုတွေ အခုတလော media မှာ တွေ့လိုက်ရပါတယ်။ အားရစရာပါ….။ ထူးထူးခြားခြားတစ်ခုအနေနဲ့ တွေ့လိုက်ရတာက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ New York မှာရှိတဲ့ မိဘပေါင်းသုံးထောင်နီးပါးက ကလေးတွေကို (၈)တန်းရောက်မှ smartphone ပေးကိုင်သင့်ကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ သတင်းပါ။
သူတို့မှာ smartphone နဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အရာတွေ ရှိပါတယ်တဲ့။ cyberbullying လို့ခေါ်တဲ့ အင်တာနက်၊ အွန်လိုင်းပေါ်မှာ တယောက်ယောက်ကို မတော်မတရားပြောဆိုကြတဲ့ အန္တရာယ်ကို သူတို့သားသမီးတွေရင်ဆိုင်လာရမှာ စိုးရိမ်တယ်၊ မသင့်လျော်တဲ့ text message တွေ ပို့ရင်း၊ video တွေ ကြည့်ရင်း၊ game တွေ ကစားရင်း အချိန်ကုန်မှာ စိုးရိမ်တယ်လို့ ပြောကြတယ်။ သူတို့ပြောတဲ့ အချက်တွေကလည်း ခုကျမတို့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေပါပဲ….
တကယ်တော့ smartphone အသုံးပြုမှုဟာ screen time နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ screen time ဆိုတာ screen ရှိတဲ့ ပစ္စည်းတစ်ခုခု (ဥပမာ TV၊ ကွန်ပျူတာ၊ smartphone၊ tablet) ကို ကြည့်ရှုအသုံးပြုရင်း ကုန်ဆုံးတဲ့ အချိန်ပမာဏကို ခေါ်ပါတယ်။ဒီအရာတွေကလည်း ကျမတို့ လူမှုဘဝမှာနေ့စဉ် နေ့တိုင်း အသုံးပြုနေရပြီး တော်တော်လေးအရေးပါတဲ့အရာတွေပါ။ သူ့ကိုရှောင်လွှဲဖို့ဆိုတာလည်း တော်တော်တော့ မလွယ်ကူပါဘူး။ ဒါကို ကိုယ့်ကလေးတွေအတွက် screen time မထိတွေ့အောင် ကြိုးစားဖူးတဲ့ မိဘတိုင်း နားလည်မှာပါ။
ကျမတို့ဘာကြောင့်များ ဒီ screen time ဆိုတဲ့အရာကို ဒီလောက်တောင် ပြောနေရပါလိမ့်?🙄 ကလေးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုများ ရှိနေလဲ…. စဉ်းစားကြည့်ရအောင်!
– ပထမဆုံးအနေနဲ့ screen time များတဲ့ ကလေးတွေဟာ ကိုယ်လက်လှုပ်ရှားမှုနည်းလာပြီး အဝလွန်တာကို တွေ့ရတတ်ပါတယ်။ media မှာ ပြတဲ့ junk food ကြော်ငြာတွေကြည့်၊ အဲဒါတွေလိုက်စားပြီး ကိုယ်အလေးချိန်တွေ အလွန်အကျွံတက်လာတတ်ပါတယ်။
– နောက်တစ်ခုက media မှာပါလာတတ်တဲ့ ကလေးတွေ ကြည့်ဖို့မသင့်လျော်တဲ့ အရာတွေကြည့်ပြီး သူတို့ရဲ့ အပြုအမူတွေ ပြောင်းလာတတ်ပါတယ်။ media မှာပါလာတတ်တဲ့ မသင့်လျော်တဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို အတုခိုးပြုမူတတ်လာပါတယ်။
– screenနဲ့ပဲ တချိန်လုံးနေတဲ့ ကလေးတွေဟာ မိသားစုနဲ့ ပြောဆိုဆက်ဆံတာ သိသိသာသာ နည်းလာပါတယ်။ screen မှာ ပေါ်လာတဲ့ အရာတွေက ဘေးပတ်ဝန်းကျင်ထက်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေတာက တစ်ကြောင်း၊screen ပေါ်က အရာတွေက ပိုဆွဲလမ်းတတ်စေတာကတစ်ကြောင်းပါ။ (ဖုန်းပဲ တချိန်လုံးကြည့်နေတယ်၊ သူ့ကိုဘာမှ ပြောလို့မရဘူးဆိုတာ ကြားဖူးမှာပေါ့နော်!)
– ကလေးတွေရဲ့ အိပ်စက်ခြင်းကိုလည်း screen ကြောင့် ထိခိုက်စေပါတယ်။ screen ကထုက်လွှင့်တဲ့ အလင်းဟာ ညဘက်အိပ်ခါနီး ကြည့်မိရင် အိပ်မပျော်ဖြစ်တတ်ပါတယ်။ ကလေးတွေ အိပ်မပျော်ဖြစ်ရင် သူ့ရဲ့ အမူအကျင့်တွေပါ ပြောင်းလာတတ်ပါတယ်။
– နောက်ဆုံးတစ်ခုကတော့ screen ကြည့်တာများလာရင် နောက်ကျောတက်တာတို့၊ မျက်စိမှုန်လာတာတို့ ဖြစ်နိုင်ပါတယ်။ ဒါကတဆင့် ကျန်းကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
တကယ်တော့ ကလေးတွေရဲ့ smartphone အသုံးပြုမှုကို ကန့်သတ်ဖို့၊ screen time ကို လျှော့ချဖို့ဆိုတာ ခက်ခဲတဲ့အရာပါ။ ဒါပေမယ့် screen time ကြောင့် ကလေးတွေမှာ သိသာတဲ့ ထိခိုက်မှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း
ပညာရှင်တွေက၂ နှစ်အောက်ကလေးတွေကို screen နဲ့ ထိတွေ့ခွင့်လုံးဝမပေးဖို့ တားမြစ်ထားပြီး ၂ နှစ်ကနေ ကျောင်းမနေခင်ထိကိုတော့ နည်းနိုင်သမျှနည်းအောင် ထားနိုင်ရင်တော့ အကောင်းဆုံးလို့တော့ ဖော်ပြကြပါတယ်။
မေတ္တာဖြင့်
မာရီယာ
#CraftedByMaria
