သောကြာနေ့ဆိုတော့ မှောက်ပြီတဲ့ 😜
ဆိုတော့ကာ ဒီနေ့ Motor skills ဖွံ့ဖြိုးမှုမှာ အခြေခံအကျဆုံးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ tummy time မှောက်တဲ့အကြောင်းလေး ပြောကြရအောင်နော်…….
ပထမဆုံးအနေနဲ့ tummy time ဆိုတာ ဘာလဲ?
tummy time ဆိုတာ ကောင်းစွာနိုးကြားနေတဲ့ ကလေးတစ်ယောက်ကို ဝမ်းလျားမှောက်တဲ့ အနေအထားပြုလုပ်ပေးတာကို ခေါ်ပါတယ်။ ဒီလိုလုပ်ပေးတာက ကလေးကို ခေါင်းထောင်ဖို့ အားပေးရာရောက်ပြီး ကလေးရဲ့ လည်ပင်းနဲ့ ဉီးခေါင်းမှာရှိတဲ့ ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်။
ဘာကြောင့် tummy time က လိုအပ်ပါသလဲ?
tummy time ကို လုပ်ပေးလို့ ရလာမယ့် အကျိုးက မနည်းဘူးနော်။ ဉပမာ ပြောရရင်….
– ထိုင်ဖို့၊ လေးဖက်သွားတတ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
– ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်။
– ပက်လက်ကြာရှည်စွာအိပ်စက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ဉီးခေါင်းပြားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
– ခေါင်းခိုင်စေပါတယ်။
– လေနာသက်သာစေပါတယ်။
ဘယ်အချိန်မှာ tummy time စသင့်သလဲ?
ဘယ်အချိန်စသင့်သလဲ ဆိုတဲ့ အချိန်အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ နေ့စေ့လစေ့နဲ့ ကျန်းကျန်းမာမာမွေးလာတဲ့ ကလေးဆိုရင်တော့ tummy time ကို မွေးဖွားပြီးဆေးရုံက ဆင်းတဲ့ ရက်ကစပြီး လုပ်ပေးလို့ ရတယ်လို့ ဖော်ပြကြပါတယ်။ ပထမပိုင်းမှာတော့ tummy time ကို ကလေးက ငြင်းဆန်ရင်ငြင်းဆန်ပါလိမ့်မယ်။ တစ်မိနစ်လောက်ပဲ စလုပ်နိုင်ရင်လည်း မဆိုးပါဘူး။ tummy time ကို ကလေးသေချာနိုးနေတဲ့ အချိန်မှာ လုပ်ပေးဖို့ လိုပြီး လုပ်ပေးနေတုန်းမှာလည်း အနားမှာ လူကြီးတစ်ယောက်က အမြဲကြည့်နေဖို့ လိုပါတယ်။
tummy time ဘယ်လောက်ကြာကြာလုပ်ပေးသင့်လဲ?
အစပိုင်း သိပ်အကျင့်မရသေးရင်တော့ တစ်နေ့ကို ၂ – ၃ ကြိမ်၊ တစ်ကြိမ်ကို ၃ မိနစ်ကနေ ၅ မိနစ်လောက် ကြာအောင် လုပ်ပေးနိုင်ပါတယ်။ diaper လဲပေးပြီးတဲ့ အချိန်၊ ကစားတဲ့ အချိန်တွေမှာ လုပ်ပေးလို့ ရပါတယ်။ လူကြီးအကူအညီမပါဘဲ ကလေးကိုယ်တိုင်မှောက်နိုင်တဲ့အထိ တဖြည်းဖြည်းကျင့်ပေးသွားလို့ရပါတယ်။
tummy time ကို ဘယ်လိုလုပ်ပေးမလဲ?
ညီညာတဲ့ ကြမ်းပြင်တစ်ခုပေါ်မှာ နူးညံ့တဲ့ အဝတ်တစ်ခုကို ခင်းပါ။ ကလေးကို အခင်းပေါ်ညင်သာစွာ မှောက်ပေးပြီး သူခေါင်းမော့ကြည့်လာအောင် ချော့မြူပေးပါ။ ဒီလိုချော့မြူပေးတာကလည်း tummy time လုပ်ပေးနေချိန်မှာ ကလေးကို ပိုနိုးကြားစေပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
မေတ္တာဖြင့်
မာရီယာ
#CraftedByMaria
