ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား?

နောက်ဆုံးပိုင်းပါ!

ကိုယ့်ရဲ့ ကလေးသရုပ်ဆောင်လေးတွေကိုလည်း ပွဲထုတ်ပြီးပြီဆိုတော့ ပြောထားတဲ့အတိုင်း အပိုင်းတစ်ဆယ်မှာ ဇာတ်သိမ်းလိုက်ပါပြီနော်။

ရှေ့အပိုင်းတွေမှာ တစ်နှစ်အရွယ်အထိ Gross motor နဲ့ Fine motor တွေရဲ့ အသက်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးမှုအကြောင်းတွေကို တစ်ပိုင်းစီရေးပြီးပြီဆိုတော့ ခုနောက်ဆုံးပိုင်းမှာတော့ ခေါင်စဉ်လေးအတိုင်း နိဂုံးချုပ်လိုက်ရအောင်!

ဆိုတော့ ခေါင်းစဉ်က ဘာပါလိမ့်?? ခေါင်းစဉ်က …… “ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား?” တဲ့။

ကြွက်သားတွေ သန်မာဖို့၊ motor skills တွေ ကောင်းကောင်းဖွံ့ဖြိုးဖို့အကြောင်းကတော့ ရှေ့မှာပြောခဲ့ပြီးသား။ ဒါပေမယ့် နည်းနည်းပြန်ပြောမယ်နော်။

Gross motor skills ဖွံ့ဖြိုးဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေမှာ အဓိကပါဝင်တဲ့ ခြေတွေလက်တွေစတဲ့ အချက်အချာကျတဲ့နေရာက ကြွက်သားတွေ သန်မာဖို့လိုတယ်။

Fine motor skills အတွက်ဆိုရင် အဓိကအားဖြင့် လက်အဖျားမှာ ရှိတဲ့ ကြွက်သားလေးတွေ ကောင်းကောင်းဖွံ့ဖြိုးဖို့လိုတယ်။ ကိုယ်လက်လှုပ်ရှားမှုများလို့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ သန်မာလာရင် fine motor skill ဖွံ့ဖြိုးဖို့ ပိုပြီး အထောက်အကူဖြစ်စေတာပေါ့။

Motor skills အကြောင်း အကျဉ်းချုပ်ပြောပြီးသွားတော့ motor skills နဲ့ ဉာဏ်ကောင်းခြင်း ဘယ်လိုများဆက်စပ်ပါလိမ့်?? သူတို့နှစ်ခုဟာ တည်နေရာက တနေရာစီ၊ လုပ်ဆောင်ချက်ချင်းလည်း တခြားစီလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမယ့် သိသာထင်ရှားတဲ့ ဆက်နွယ်မှုရှိပါတယ်။

ဒီလိုဆိုတော့ ဥပမာအနေနဲ့ fine motor skill နဲ့ ဉီးနှောက်ရဲ့လုပ်ဆောင်ချက် ဆက်စပ်မှုတစ်ခုလောက် စဉ်းစားကြည့်ရအောင်!

ငယ်ငယ်ကတည်းက လူတိုင်း မျဉ်းသားဖူးကြမှာပါ။ ခုချိန်မှာ တွေးကြည့်ရင်တော့ ဒါဟာ အလွန်လွယ်ကူတဲ့ အလုပ်တစ်ခုလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ “တိကျမှု”ရဲ့ အခြေခံအကျဆုံးအရာတစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ တိတိကျကျသားထားတဲ့ မျဉ်းကြောင်းလေးတစ်ခုရဖို့အတွက် ထိန်းညှိုရတာတွေအများကြီးပါ။

စလုပ်တော့မယ်ဆိုတာနဲ့ မျက်လုံးက ဘာတွေမြင်သလဲ၊ မြင်တဲ့အရာတွေကို (ပေတံ၊ ခဲတံ၊စာအုပ် စသဖြင့်) ဉီးနှောက်ကို သတင်းပို့တယ်။ ရတဲ့သတင်းအချက်အလက်တွေအတိုင်း မြင်တဲ့အရာတွေဆီကို လက်ကအတိအကျရောက်ဖို့ ဉီးနှောက်က ချိန်ဆပေးရတယ်၊ ထိန်းညှိုပေးရတယ်။ ပေတံကို ဘယ်လိုကိုင်ရမလဲ၊ လက်ကို ဘယ်နားမှာထားရမလဲ၊ ဘယ်လိုချိန်ရမလဲဆိုတာကို လက်ဖျားက ကြွက်သားတွေဆီ ပြန်ပြီးညွှန်ကြားတယ်။

အထူးသဖြင့် စလုပ်ခါစကလေးငယ်တွေအတွက်ဆိုရင် လက်၊ မျက်စိနဲ့ ဉီးနှောက်အားလုံး တပြိုင်တည်းလုပ်ရတာမို့လို့ ခက်ခဲပါတယ်။ ဉီးနှောက်က ပြောတဲ့အတိုင်း လက်ကလိုက်ရွှေ့ရသလို လက်ရောက်နေတဲ့နေရာကိုလည်း ဉီးနှောက်က အချိန်နဲ့ တပြည်းညီ သိဖို့၊ ထိန်းညှိုနိုင်ဖို့ လိုပါတယ်။ လက်နဲ့ ဉီးနှောက်ကြားက ဆက်သွယ်မှုမြန်လာဖို့၊ သေသပ်တဲ့ မျဉ်းတစ်ကြောင်းရလာဖို့ကတော့ ကျင့်ပေးဖို့ လိုတာပေါ့နော်။ အကျင့်ရလာတာနဲ့အမျှ သူနဲ့ဆိုင်တဲ့ ဉီးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ မြန်လာမယ်။ ချိန်ဆချက်တွေ၊ ထိန်းညှိုနိုင်စွမ်းတွေ ပိုကောင်းလာရင် ဉာဏ်ပိုကောင်းလာတာပေါ့။

ခုပေးခဲ့တဲ့ ဥပမာကတော့ fine motor skill ကို အသုံးပြုတဲ့ ဥပမာတစ်ခုပါ။ ပြောခဲ့ဖူးတာကို ပြန်ပြောရရင် ကိုယ်လက်လှုပ်ရှားမှု၊ motor skills ဖွံ့ဖြိုးမှုဟာ ကလေးတစ်ယောက်ရဲ့ ဉီးနှောက်ဖွံ့ဖြိုးမှုနဲ့ သူရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်၊ သတင်းအချက်အလက်ပို့ဆောင်မှုကို ပိုမိုလျှင်မြန်စေပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာက “ကလေးတွေဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုပါတယ်။”

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

Leave a comment

Design a site like this with WordPress.com
Get started